အိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်

Obama&UTLarge

ဧပြီ (၁၀)ရက် ၊ ၂၀၁၄ခုနှစ်။
လာမည့်နိုဝင်ဘာလတွင် အမေရိကန် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်လာရောက်ကာ အာဆီယံထိပ်သီး ညီလာခံသို့ တက်ရောက်ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင် အချို့နှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးထံမှ သိရှိရသည်။
နိုဝင်ဘာ(၉)နှင့်(၁၀)ရက်တွင် နေပြည်တော် ၌ ကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံကို သမ္မတအိုဘားမား တက်ရောက်မည် ဖြစ်ကြောင်း နယူးယောက်မြို့၌ ကျင်းပခဲ့သည့် အာရှလူ့ဘောင် မူဝါဒ သိပ္ပံကို တရားဝင်ဖွင့်လှစ်တဲ့ အခမ်းအနား တွင် အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး William Burns က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီး ညီလာခံနှင့် ဒေသဆိုင်ရာ ညီလာခံများကို တက်ရောက်ရန် သြစတေးလျ၊ တရုတ်နှင့် မြန်မာနိုင်ငံသို့ သွားရောက်ည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြား ခဲ့သည်။ အိုဘားမား၏ မြန်မာပြည်ခရီးစဉ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း ရှိမရှိကိုမူ အတည်မပြုနိုင်သေးကြောင်း အဆိုပါပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ဧပြီလ(၉)ရက်နေ့က ဂျာမဏီနိုင်ငံသို့ သွားရောက်၍ ဂျာမန်သမ္မတ ယွာခင်မ်ဂေါက်ခ်၊ နိုင်ငံခြားရေးဝန်ကြီး ဖှရန့်ခ်ဝေါလ်တာ စတိုင်းန်မိုင်းယာ၊ လွှတ်တော် ဥက္ကဌတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီးနိုင်ငံတကာ ဝီလီဘရန်ဒ်ဆုကို လက်ခံမည်ဖြစ်သည်။
ဧပြီ(၁၄)ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ သမ္မတဖရန်ဆွောစ်ဟိုလန်ဒေး ၊နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံမည် ဖြစ်ပြီး ဖွဲ့ပုံစည်းပုံအခြေခံ ဥပဒေ ကောင်စီ ဥက္ကဌနှင့် တွေ့ဆုံကာလွှတ်တော် အရေးကိစ္စ များကို ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံရှိ စစ်ရေးတက္ကသိုလ် ၊ လွှတ်တော်၊ စီးပွားရေး၊ လူမှု ရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကောင်စီကို လည်း လေ့လာမည်ဖြစ်ပြီး ဧပြီ(၁၇)ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
သမ္မတအိုဘားမားသည် မြန်မာ နိုင်ငံသို့ ၂၀၁၂ခုနှစ် နိုဝင်ဘာလက ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ဖြင့် တွေ့ဆုံခဲ့သည်။ သမ္မတအိုဘားမား ပထမဆုံး အကြိမ် လာရောက်ခဲ့စဉ်က မြန်မာအစိုးရနှင့် တွေ့ဆုံမှုပြုလုပ် ခဲ့သော်လည်း ရခိုင်အရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမှုကို အားရ ကျေနပ်မှု မရှိသောကြောင့် ဒုတိယအကြိမ် လာရောက်၍ မြန်မာအစိုးရ ခေါင်းဆောင် အချို့နှင့် တွေ့ဆုံချိန်တွင် တိကျသည့် ဆွေးနွေးမှု ရလဒ်ကို မျှော်လင့်မိကြောင်း နိုင်ငံရေး လှုပ်ရှားသူ အချို့ကသုံးသပ် ပြောဆိုသည်။
လက်ရှိအချိန်တွင် မြန်မာပြည်သူ အချို့ မှာလည်း  ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အပါအဝင် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ထိပ်တိုက်တွေ့ဆုံနိုင်ရေးအတွက် အခြေခံ ဥပေဒေပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲများ၌ ထည့်သွင်းတောင်းဆိုနေကြသည်။

                                                                                                                                                                                                                                                                                                                                                                                               ဝင့်သဉ္ဇာကျော်

2398  Views
Previous: ရဟန်းမင်းကြီးက တချို့သော ရဟန်းတော်များ၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်းအတွက် တောင်းပန်တော်မူပြီး ပြင်းထန်သော အရေးယူခြင်းများ ပြုလုပ်ရန် ကတိပေးတော်မူ
Next: ဗာတီကန်ရုံးနှင့် ဂျပန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်အကြား ဘုရားဝတ်ပြုခြင်းဆိုင်ရာ ဂျပန်ဘာသာပြန်ဆိုမှုတွင် သဘောထားကွဲလွဲမှု ရှိနေဆဲ