အာပါတ်ဖြေခြင်း၏ရဟန်္တာအဖြစ် နာမည်ကြီးတော်မူသော ရဟန်္တာလီအိုပိုမန်ဒစ်၏ ခန်္ဓာကိုယ် မပုပ်ပျက်သော ရုပ်အလောင်းသည် ရောမမြို့သို့ အပူဇော်ခံ ရောက်ရှိလာ

19

ဗာတီကန်၊ ဖေဖော်ဝါရီလ ၄၊ ၂၀၁၆

တစ်ဝက်လောက် မပျက်စီး၊ မပုပ်ပျက်သော ရဟန်္တာပါဒရေ ပီးအို၏ ရုပ်ကလပ်သည် မပုပ်ပျက်သော ရဟန်္တာ လီအိုပို မန်ဒစ်၏ ရုပ်ကလပ်နှင့်အတူ သနားကြင်နာခြင်းဂျူဗလီနှစ်၏ထူးခြားသော လှုပ်ရှားမှုအဖြစ်၊ ရောမမြို့သို့ အကြည်ညိုခံရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိလာတော်မူသည်။ သူတို့နှစ်ပါးစလုံးသည် ရဟန်္တာဖရန်စစ်အစီစီက တည်ထောင်တော်မူခဲ့သော ကက်သလစ် ခရစ်ယာန်အသင်းတော်ထဲက ရသေ့ဂိုဏ်းဝင်ရဟန်းများ ဖြစ်ကြတော်မူသည်။

ရဟန်္တာ လီအိုပိုမန်ဒစ်သည် ခရိုအေးရှားနိုင်ငံ၊ ဒါလ်မာဆီယားမြို့တွင် ၁၈၆၆ ခုနှစ်၌ ဖွားမြင်ခဲ့ပြီး သူ၏ငယ်နာမည်မှာ ဘိုဒန်ဖြစ် ကာ မွေးချင်း (၁၂) ယောက်အနက် အငယ်ဆုံးသောသား ဖြစ်တော်မူသည်။ သူသည် ငယ်စဉ်ကပင် ကျန်းမာရေးချူချာသော ကလေးဖြစ်ခဲ့ရာ ကြီးပြင်းလာသည့်အခါတွင်လည်း နာတာရှည် အဆစ်ရောဂါကို ခံစားခဲ့ရသော်လည်း ဝိညာဉ်ရေး (တရားအား ထုတ်မှု)တွင်မူ အားကောင်းသူတစ်ဦး ဖြစ်တော်မူခဲ့သည်။ အသက် (၁၆) နှစ်ရောက်သော် သူသည် အီတလီနိုင်ငံသို့ သွားရောက်ပြီး ကာပူချင်းကက်သလစ်ရသေ့ဂိုဏ်းမှ ဖွင့်လှစ်သော စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့ရသည်။ ထို့နောက် ၁၈၈၄ ခုနှစ်တွင်မူ ၎င်းရသေ့ဂိုဏ်းသို့ သူတော်စင်အဖြစ် ဝင်ရောက်ပြီး သူတော်စင်လောင်း ဖြစ်လာခဲ့ရာ မိမိ၏အမည်ကို ကိုရင်လီအိုပိုလ် ဟု ခံယူလိုက်သည်။ သူသည် လိုအပ်သောပညာများကို ဆည်းပူးပြီးနောက် တစ်နှစ်အကြာတွင် ရာသက်ပန်တစ်သက်သစ်္စာကို ခံယူပြီး အသက်တော် (၂၄) နှစ်ပြည့်သော ၁၈၉၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင်မူ ဗီနိစ်မြို့၌ ရဟန်းသိက်္ခာကို ရရှိ တော်မူသည်။

ရဟန်းသိက်္ခာကို ရရှိပြီးနောက် ရဟန်္တာ လီအိုပိုမန်ဒစ်သည် အရှေ့ဥရောပဒေသို့ သာသနာပြုလိုစိတ် ပြင်းပြလာခဲ့ရာ ၎င်းအချိန်တွင် အရှေ့ဥရောပတွင် ဘာသာရေးဆိုင်ရာ ပဋိပက်္ခများ ကြီးထွားနေချိန် ဖြစ်လေသည်။ သို့သော် အရှင်သူမြတ်၏အကြီးအကဲက သူ၏ကျန်းမာရေး မကောင်းမှုကို ထောက်ထားပြီး အရှေ့ဥရောပသို့ သာသနာပြုရန် လီအိုပိုမန်ဒစ်တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ သည်။ သို့သော်လည်း ရဟန်္တာ လီအိုပိုမန်ဒစ်သည် ဗေးနီးစ်ဒေသရှိ ကာပူချင်းရသေ့ကျောင်းများတွင် တာဝန်ချထားခြင်း ခံရပြီး ရှေ့ဦးကက်သလစ်အသင်းတော်၏ဖခင်ကြီးများအကြောင်းကို ပါဒွာမြို့ရှိစာသင်ကျောင်းတွင် သင်ကြားပေးခဲ့ရသည်။ ၎င်းပါဒွာမြို့ တွင် ညစဉ်ညတိုင်း နာရီပေါင်းများစွာ ဆုတောင်းနေခြင်းနှင့် သူ၏ကျောင်းသားများအပေါ် ရိုသေလေးစားခြင်းကြောင့် သူသည် စတင်နာမည်ကျော်ကြားလာတော်မူခဲ့သည်။ သူသည် ပထမကမ်္ဘာစစ်အတွင်း၊ မိမိ၏ခရိုအေးရှားနိုင်ငံသားဖြစ်ခြင်းကို မစွန့်လွှတ်နိုင် သောကြောင့်၊ အီတလီနိုင်ငံတောင်ပိုင်းသို့ ခေတ်္တပြည်နှင် ဒါဏ်ပေးခြင်းကို ခံရသော်လည်း၊ ပါဒွာမြို့သို့ ပြန်လာတော်မူပြီး အာပါတ်ဖြေခြင်းကို တစ်နေကုန် နားထောင်ပေးခြင်းနှင့်မိဘမဲ့ကလေးငယ်များအတွက် မိဘမဲ့ဂေဟာများကို တည်ဆောက်ပေးခြင်း တို့ကို ပျံလွန်တော်မူသည့်အထိ ၎င်းပါဒွာမြို့တွင် သီတင်းသုံးတော်မူခဲ့သည်။

အသက်အရွယ်နှင့်ကျန်းမာရေးချို့ယွင်းလာမှုကြောင့်၊ အရှင်သူမြတ်သည် ပါဒွာမြို့ရှိ မိမိ၏ အခန်းကျဉ်းတစ်ခုထဲတွင် မိမိ၏ ရဟန်းဘ၀ နှစ် (၃၀)ကို ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအား အာပါတ်ဖြေနားထောင်ပေးခြင်းနှင့် ဝိညာဉ်ရေး (တရား) ဆိုင်ရာ လမ်းညွန်မှုများအတွက် အသုံးပြုတော်မူခဲ့သည်။ အရှင်သူမြတ်သည် တစ်ရက်လျှင် (၁၅) နာရီကို ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ၏ အာပါတ်ဖြေနားထောင်ပေးခြင်းအတွက် အသုံးပြုခဲ့သည့်အပြင် ခြိုးခြံခြင်း၊ ဆုတောင်းခြင်းနှင့် ဝါရှောင်ခြင်းတို့ကို ပါ လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုကြောင့် သူ၏ဂိုဏ်းဝင်အဖွဲ့သားများက သူ၏အာပါတ်ဖြေရှင်းဆိုင်ရာတွင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များအပေါ် ပျော့ပျောင်းမှုကို ပြစ်တင်စွပ်စွဲလာခဲ့ကြသော်လည်း အရှင်သူမြတ်က မိမိကို စွပ်စွဲသူများအား ““ကျွန်ုပ်၏ပျော့ပျောင်းမှုအပေါ် ခရစ်တော်ဘုရားက မိမိကို ရှုတ်ချလျှင်မူ၊ မိမိက ခရစ်တော်ဘုရားအား၊ အရှင်ဘုရား ကိုယ်တော် သည် တပည့်တော်အား မကောင်းသော နမူနာကို ပေးတော်မူခဲ့သည်။ တပည့်တော်သည် ဝိညာဉ်များအတွက် ကိုယ်တော်၏မိုက်မဲ သော အသေခံတော်မူခြင်းအပေါ် မရောက်ရှိနိုင်သေးပေ”” ဟု ပြန်လည်တုံ့ပြန်တော်မူလိုက်သည်။

၁၉၄၂ ခုနှစ်တွင်မူ အရှင်သူမြတ်သည် မစ်္ဆားတရားတော်ကို ကျင်းပရန်အတွက် ပြင်ဆင်ချိန်တွင် အားနည်းမေ့မြောလာသည်။ ထိုကဲ့သို့ ဖြစ်လာခြင်းအပေါ် စုံစမ်းရာတွင် သူသည် တစ်ညလုံးအဆက်မပြတ် အာပါတ်ဖြေနားထောင်ခြင်းနှင့်တစ်ညလုံး ဆုတောင်း သည်ကို အကြီးအကဲများက သိရှိခဲ့ကြသည်။ အရှင်သူမြတ်သည် ““မယ်တော်ဘုရင်မ”” ဟူသော သီချင်းကို သီဆိုရင်း အသက်ထွက် တော်မူခဲ့သည်။ သူသည် ၁၉၄၂ ခုနှစ်တွင် အစာပြွန်ကင်ဆာရောဂါဖြင့် သေဆုံးတော်မူသည်။ အရှင်သူမြတ်၏ ရုပ်အလောင်း သည် သဂြိုလ်ထားသော်လည်း ယနေ့တိုင် မပျက်စီး၊ မပုပ်သုပ်ဘဲ ပကတိအတိုင်း ရှိနေဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ရဟန်္တာ လီအိုပိုမန်ဒစ်၏ မပျက်စီးမပုပ်သုပ်သော ရုပ်ကလပ်အလောင်းကို ရောမမြို့သို့ သယ်ဆောင်လာစေခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကက်သလစ်ဆရာတော်များနှင့်ရဟန်းတော်များက ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအပေါ် ရဟန်္တာ လီအိုပိုမန်ဒစ်ကဲ့သို့ပင် အာပါတ်ဖြေနားထောင်ပေးခြင်းနှင့်ခြိုးခြံဝါရှောင်ဆုတောင်းခြင်းတို့ကို ရက်ရောစွာ ပြုလုပ်ကျင့်ကြံအတုယူစေလိုသောကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။

တစ်ရက်တွင် ကက်သလစ်ဘာသာဝင်တစ်ဦးက ရဟန်္တာ လီအိုပိုမန်ဒစ်ထံသို့ အာပါတ်သွားဖြေရာတွင် ဘုန်းတော်ကြီး လီအိုပိုက သူ့ကို ကောင်းကြီးအခွင့်လွှတ်ပြီးနောက် ၎င်းဘာသာဝင်က ““ကိုယ်တော့်ဆီကို အာပါတ် လာဖြေရတာ သိပ်ပျော်တယ်။ ဒါပေမယ့် ကိုယ်တော်က သိပ်ပြီး ရက်ရောလွန်းတယ်”” ဟု လျှောက်ထားရာ ဘုန်းဘုန်းလီအိုပိုက ““ငါက မရက်ရောဘူး။ အပြစ်သားတွေအတွက် အသေခံတော်မူတဲ့ ခရစ်တော်ဘုရားက ရက်ရောတာပါ။ သူခိုးကိုတောင် အခွင့်လွှတ်တဲ့ဘုရားထက် ပိုပြီး ရက်ရောတဲ့သူ မရှိတော့ဘူး”” ဟု ပြန်ဖြေလိုက်တော်မူသည်။

ဘုန်းတော်ကြီးလီအိုပိုမန်ဒစ်သည် အသက်တော် (၇၆) ခုနှစ်အရွယ်၊ ၁၉၄၂ ခုနှစ်၊ ဇူလိုင် (၃၀) ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ရဟန်းမင်းကြီးပေါလူး (၆)က သူ့ကို ၁၉၇၆ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် သူတော်မြတ်အဖြစ်လည်းကောင်း၊ ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်မူ ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) က သူ့ကို စည်းလုံးခြင်းနှင့်အာပါတ်ဖြေခြင်း၏ရဟန်္တာအဖြစ် လည်းကောင်း တင်မြှောက်တော်မူပြီး ရဟန်္တာ၏ပွဲနေ့ကို မေလ ၁၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပရန် သတ်မှတ်တော်မူခဲ့သည်။ ၀၀၁ ကုန်ဇမှုန်း

1432  Views
Previous: နေပြည်တော်၏နိုင်ငံရေးရာသီဥတုက သာယာနေသလား။
Next: ကက်သလစ်အသင်းတော်၏ ခေါင်းဆောင် ရဟန်းမင်းကြီးဖရန်စစ်နှင့်ရုရှားအော်သဒေါ့အသင်းတော်ခေါင်းဆောင်တို့ နှစ်ပေါင်း (၁၀၀၀) ကျော်အတွင်း ပထမအကြိမ်တွေ့ဆုံဆွေးနွေး