လာတင်းဝတ်ပြုနည်းနှင့် အရှေ့တိုင်းဝတ်ပြုနည်း ကွာခြားနေခြင်းကို ပြန်လည်နီးစပ်စေရန်အတွက် ကာနွန်ဥပဒေကို ပြုပြင်ရန် ရဟန်းမင်းကြီး အမိန့်ထုတ်ပြန်

14650448_1870784129823589_1461108694714118544_n

ရန်ကုန်၊ စက်တင်ဘာ ၁၅ ၂၀၁၆

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ကက်သလစ် သာသနာတော်ထဲရှိ လာတင်းဝတ်ပြုနည်းနှင့် အရှေ့တိုင်းဝတ်ပြုနည်းတို့၏ ကွာခြားချက်များကို ပြန်လည် ပြုပြင်ရန်အတွက် လက်ရှိအသုံးပြုနေသော ကက်သလစ် သာသနာတော်၏ ဥပဒေဖြစ်သော ကာနွန်ဥပဒေ ကို ပြန်လည် ပြင်ဆင်ရန်စက်တင်ဘာလ (၁၄) ရက်နေ့ကအမိန့်ထုတ်ပြန် တော်မူလိုက်သည်။

ဤဥပဒေကို ပြင်ဆင်ရန်အလို့ငှါ ရဟန်းမင်းကြီးရုံးသည် (၁၅) နှစ်တိတိ လေ့လာခဲ့ရပြီးနောက် ရဟန်းမင်းကြီးသည် မိမိ၏အတိုင်ပင်ခံ ကာဒီနယ် ရဟန်းမင်းအမတ်များ (၈) ပါးတို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့သောအမိန့်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော မတူညီစေ သည့်ဝတ်ပြုခြင်းသည် ကာနွန်ဥပဒေက “လာတင်း ဝတ်ပြုနည်းထဲတွင်ရှိနေသော ဦးပဥင်းကြီးများသည် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာကို ကျင်းပချိန်တွင် သတို့သား (သို့မဟုတ်) သတို့သမီးတစ်ဦးဦးက အရှေ့တိုင်းဝတ်ပြုနည်းကို ကျင့်သုံးနေသူဖြစ်လျှင် ၎င်းလက်ထပ်ထိမ်းမြားခြင်း အခမ်းအနားထဲတွင် မပါဝင်လျှင်လည်း ရသည်” ဟူသော ပုဒ်မကို ပြဌာန်းရေးဆွဲထားသည်။

ရဟန်းမင်းကြီးရုံး လက်အောက်ရှိ ကက်သလစ် သာသနာတော်၏ ဥပဒေဝေါဟာရ နှင့်ဆိုင်သောရုံးမှ အတွင်းဝန်ဆရာတော်ကြီး ဂျွန်အီညာစီအို အရေတာက၊ ကွဲပြားသော ဝတ်ပြုနည်းများ အကြားတွင် ရှိနေသော အငြင်းပွားမှုများကို နှစ်ဖက်ဆွေးနွေးပြီးနောက် ယခုကဲ့သို့သော ကာနွန်ဥပဒေ ကို ပြင်ဆင်ခြင်းသည် ဆေးကြောခြင်းမင်္ဂလာ (စက်္ကရမင်း တူး) နှင့် လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာတို့နှင့်စပ်လျဉ်းပြီး ရဟန်းမင်းကြီးဖရန်စစ် လက်ထက်တွင် ပြန်လည်ပြင်ဆင်ထားသော ကာနွန်ဥပဒေ (၁၁) ခုအနက် တစ်ခုအပါ အဝင်ဖြစ်သည်ဟု သတင်းထောက်များအား မိန့်ကြားတော်မူ သည်။

ကက်သလစ် သာသနာတော်၏ ကာနွန်ဥပဒေထဲတွင် “အရှေ့တိုင်းအသင်းတော်နှင့် အော်သဒေါ့ အသင်းတော်တို့၏ ထုံးတမ်းစဉ်လာအရ အမျိုး သား နှင့် အမျိုးသမီးတို့၏ လက်ထပ် ထိမ်းမြားခြင်းမင်္ဂလာကို ရဟန်းက ကောင်းကြီးပေးမှသာလျှင် တရားဝင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသော်လည်း လာတင်းအသင်းတော်ထဲတွင်မူ “အမျိုးသားနှင့် အမျိုးသမီးတို့၏လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာကို ဦးပဥင်းကြီးက ကျင်းပပေးပြီး ကောင်းကြီးပေးလျှင် တရားဝင်ဖြစ်သည်” ဟု ပြဌာန်းထားရှိသည်။

သို့သော် ယခုပြင်ဆင်ထားသောကာနွန်ဥပဒေသစ်ထဲတွင်မူ “မတူညီသော ဝတ်ပြုနည်းများထဲက အမျိုးသားနှင့် အမျိုးသမီးများ (သို့မဟုတ်) ကက်သလစ်ခရစ်ယာန် ဘာသာဝင်မဟုတ်သူများ (အော်သဒေါ့အသင်းတော်ဘာသာတူကို ဆိုလိုသည်) နှင့် လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာကို ခံယူချိန်တွင် ရဟန်းတစ်ပါးက တရားဝင်ကူညီပေးနိုင် သည်” ဟု ပြဌာန်းထားသည်။

ယခုပြင်ဆင်လိုက်သောလာတင်းဥပဒေသစ်ထဲတွင်မူ “လာတင်းနှင့် အရှေ့တိုင်း ဝတ်ပြုနည်းထဲတွင်ရှိနေသော ကက်သလစ် ဘာသာဝင် ဇနီးမောင်နှံ များသည် မိမိတို့၏ ရင်သွေးများကို မည်သည့်ဝတ်ပြုနည်းထဲတွင် ဆေးကြောခြင်း (သို့မဟုတ်) ဘာသာထဲသို့ သွင်းခြင်းကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြောင်း၊ ဆုံးဖြတ်ရန်အခက်အခဲရှိလျှင်မူ သားသမီး များသည် ဖခင်၏ဝတ်ပြုနည်းထဲသို့ ထည့်သွင်း ရမည်ဖြစ်သည်” ဟု ပြဋ္ဌာန်းထား သည်။ နောက်တစ်ပုဒ်တွင်မူ မိဘနှစ်ပါးစလုံးက အရှေ့တိုင်းဝတ်ပြုနည်းထဲတွင် ရှိနေကြပါလျက် မိမိတို့၏ရင်သွေးငယ်ကို လာတင်းဝတ်ပြုနည်း ထဲတွင် ဘာသာသွင်းဆေးကြောခြင်းကို ခံယူလျှင် ဆေးကြောခြင်း လက်မှတ်ထဲတွင်မူ ကလေးငယ်သည် အရှေ့တိုင်းကက်သလစ် ဘာသာဝင်ဖြစ် သည်ဟုလည်းကောင်း၊ ကလေးငယ်သည် မည်သည့်အသင်းတော်နှင့် သက်ဆိုင်သည် ဟူသောအချက်ကို ထင်ရှားစွာဖော်ပြရေးသားထားရမည်” ဟု ပြဌာန်းထားသည်။

ဆရာတော်ကြီးဂျွန်အီညာစီအိုအရေတာက ယခုပြင်ဆင်လိုက်သော ပုဒ်မများ သည် လာတင်းဝတ်ပြုနည်းလက်အောက်ရှိ ကာနွန်ဥပဒေက အနာဂါတ်တွင်ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ကြိုတင်ထည့်သွင်းထားခြင်း မရှိမှုကြောင့်ဖြစ်သော်လည်း အရှေ့ တိုင်းအသင်းတော်အတွက်
၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းထားသောကာနွန်ဥပဒေကမူ အနာဂါတ် တွင်ဖြစ်ပေါ်လာနိုင်သောအခြေအနေများကို ကြိုတင်ထည့်သွင်း ပြီး ပြဋ္ဌာန်းထားခြင်း ကို တွေ့ရှိရသည်ဟု မီးမောင်းထိုးပြတော်မူသည်။

ဆရာတော်ကြီးက “ယခုကဲ့သို့ ရဟန်းမင်းကြီးဖရန်စစ်က ကာနွန်ဥပဒေများကို ပြန်လည်ပြင်ဆင်နေခြင်းသည် အရှေ့တိုင်း ကက်သလစ် ဘာသာဝင်များက လာတင်း ဝတ်ပြု နည်းကိုကျင့်သုံးနေသော နိုင်ငံများသို့ မြောက်မြားစွာ ရွှေ့ပြောင်းသွားလာနေခြင်းများ နှစ် စဉ်တိုးပွားလာခြင်းကို အခြေခံပြီး ဘာသာဝင်များ၏ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှု များတွင် မလိုလားအပ်သောပြဿနာများ ကြိုတင်ဟန့်တားနိုင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ်နေရခြင်းဖြစ်သည်” ဟု  သတင်းထောက်များအား ရှင်းပြသည်။

ကက်သလစ်သာသနာတော်ထဲတွင် လာတင်းဝတ်ပြုနည်းနှင့် အရှေ့တိုင်းဝတ်ပြု နည်းဟူပြီး (၂) ခုရှိသော်လည်း ၎င်းဝတ်ပြုနည်းနှစ်ခုအောက်တွင် ရှိနေကြသော ကာဒီနယ်များ၊ ဆရာတော်ကြီးများ၊ ရဟန်းတော်များနှင့် ဘာသာဝင်များ အားလုံးသည် ရဟန်းမင်းကြီးတစ်ပါး၏ ဦးဆောင်မှုအောက်၌ တူညီသောယုံကြည်ခြင်းနှင့် သွန်သင်ခြင်းများကို ကျင့်သုံး လျက် စည်းလုံးစွာ နေထိုင်နေကြသူများဖြစ်ကြသည်။

အရှေ့တိုင်းကက်သလစ်သာသနာတော်ထဲတွင်မူ ယူကရိန်းနိုင်ငံ၊ ရူသေးနီယမ်၊ မယ်လ်ဂိုက်၊ ရိုမေးနီးယား၊ မာရိုနိတ်၊ အာမေးရီယမ်၊ ချာလ်ဒီန်၊ ဆီးရီယတ်၊ ဆီရိုမာလန် ကာဒရာနှင့် ဆီရိုမာလာဘတ်အသင်းတော်များ ပါဝင်ကြသည်။ မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာတော်၏ ဝတ်ပြုနည်း သည် လာတင်းဝတ်ပြုနည်းအောက်တွင် တည်ရှိနေသော အသင်းတော်ကြီးဖြစ်သည်။

ဂျိုးဇက်

1151  Views
Previous: ရဟန်းမင်းကြီးက တစ်ကမ္ဘာလုံး၌ တစ်နှစ်လျှင် ကက်သလစ်ဆရာတော်အပါးပေါင်း (၁၄၅) ပါးကို နှစ်စဉ်ရွေးချယ်ခန့်ထားတော်မူ
Next: ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက “မြန်မာခေါင်းဆောင်မှုတက်္ကသိုလ် Myanmar Leadership Institute ” ကို ဖွင့်လှစ်တော့မည်