ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက “မြန်မာခေါင်းဆောင်မှုတက်္ကသိုလ် Myanmar Leadership Institute ” ကို ဖွင့်လှစ်တော့မည်

14567973_1870779159824086_3488032691498277835_n

ရန်ကုန်၊ စက်တင်ဘာ ၇ ၂၀၁၆

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက “မြန်မာခေါင်းဆောင်မှု တက္ကသိုလ် Myanmar Leadership Institute”ကို ဖွင့်လှစ်တော့မည်ကြောင်း ကာဒီနယ်ချားလ်စ်ဘိုနှင့် ဘုန်းတော်ကြီးဂျူးလီအို တို့ထံမှစက်တင်ဘာလ (၇) ရက်နေ့တွင် သတင်းရရှိပါသည်။

၎င်းတက္ကသိုလ်နှင့်စပ်လျဉ်းပြီး ကာဒီနယ်ချားလ်စ်ဘိုက “စစ်အစိုးရအဆက်ဆက်က မြန်မာနိုင်ငံမှာ ပညာရှင်တွေ မွေးထုတ်ခဲ့ခြင်း အားနည်းတာ ရယ် မြန်မာ့ပညာရေးစနစ်ကလည်း အနာဂါတ် ခေါင်းဆောင်တွေ၊ အောင်မြင်မယ့်သူတွေကို မမွေးထုတ်ပေးနိုင်တာတွေ၊ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ ပညာရေး၊ တတ်ကျွမ်းမှုတွေကို မပေးနိုင်တာကို သုံးသပ်မိပါတယ်။ ဒါကြောင့်မို့ ဒီတက္ကသိုလ်ကနေပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်နေသေး တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် လူမှုရေးနယ်ပယ်က အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် ဒီတက္ကသိုလ်ကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ဂျိုးဇက်ဝင်းလှိုင်ဦး၏အမေးကို ဖြေကြားပေးတော်မူခဲ့သည်။

ဤတက္ကသိုလ်၏ရေရှည်ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး တက္ကသိုလ် ဖြစ်မြောက်ရေး ညှိနှိုင်းရေးမှူးဖြစ်သော အမေရိကန်နိုင်ငံမှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဂျူလီအိုက “ဒီလိုမျိုး တက္ကသိုလ်ကြီးကို ရန်ကုန်မြို့တော်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် ကာဒီနယ်ဆရာတော်ကြီး ချားလ်စ်ဘိုက ကျွန်တော် တို့ ဂျေဆွီကက်သလစ် ရဟန်းအသင်းဂိုဏ်းကို အကူအညီတောင်းပါတယ်။ ဆရာတော်ကြီးရဲ့တောင်းဆိုချက်အရ အသင်းဂိုဏ်းက ကျွန်တော့်ကို တာဝန်ပေးပြီးတော့ အခုကျွန်တော်က အဆင့်အတန်းမြင့်သော တက္ကသိုလ်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကိုတော့ အမေရိကန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် ကက်သလစ်ခရစ်ယာန် သာသနာတော်၏ တက္ကသိုလ်ကြီးအဖြစ် ရပ်တည်နေသော ဂျော့ချ်တွန်းတက္ကသိုလ် Georgetown University နှင့် ချိတ်ဆက်ထားရှိကြောင်း၊ ၎င်းဂျော့ချ်တွန်း တက္ကသိုလ်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ဆန်တိုသောမတ် တက္ကသိုလ်မှ စာချပုဂ်္ဂိုလ်များက လာရောက်သင်ပေးကြ မည်ဖြစ်ကြောင်း၊ ပြည်တွင်း ပညာရှင်များကို ဖြည်းဖြည်းမွေးထုတ်ပြီး ဤတက္ကသိုလ်၏ ရှေရည်သင်ကြားမှုကိုမူ မြန်မာနိုင်ငံသားများက တာဝန်ယူသွားမည်ဖြစ်ကြောင်း” ဖြင့် ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ် အား ဖြေကြားပေးတော်မူသည်။

နောက်ဆုံးရရှိထားသော သတင်းအရ ဤတက္ကသိုလ် Myanmar Leadership Institute သည် လက်ရှိ စိန်သြဂုတ်စတင်း ဘုရားကျောင်းဝင်းထဲရှိ Campion English Institute ကမ်ပျံ သင်တန်းကျောင်းကို အစားထိုးသွားမည်ဖြစ်ကာ ၎င်းတက္ကသိုလ်တွင် သင်ကြားရမည့် ဘာသာရပ်များ ရေးဆွဲထားပြီးနောက် ၎င်းဘာသာရပ်များကို အစမ်းဖြေဆိုခြင်းကို အောက်တိုဘာလ ထဲတွင်ပြုလုပ်ကာ တရားဝင်စာသင်မှုကိုမူ ၂၀၁၇ ခုနှစ် တွင် စတင်သွားမည်ဖြစ်သည်ဟု သတင်းရရှိသည်။

မကြာမှီတွင် ပေါ်ထွက်လာတော့မည့် ဤတက်္ကသိုလ် Myanmar Leadership Institute သည် ရန်ကုန်ကက်သလစ်ဂိုဏ်း ချုပ်သာသနာနှင့် ဂျေဆွီ ကက်သလစ်ရဟန်း အသင်းဂိုဏ်းတို့၏ ပူးတွဲအစီအစဉ် ဖြစ်ပြီးဂျေဆွီကက်သလစ်ရဟန်းအသင်းဂိုဏ်းသည် ၎င်းကျောင်းတော်ကြီးကို (၂၅) နှစ်တိုင်တိုင် စီမံအုပ်ချုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဂျိုးဇက်

1320  Views
Previous: လာတင်းဝတ်ပြုနည်းနှင့် အရှေ့တိုင်းဝတ်ပြုနည်း ကွာခြားနေခြင်းကို ပြန်လည်နီးစပ်စေရန်အတွက် ကာနွန်ဥပဒေကို ပြုပြင်ရန် ရဟန်းမင်းကြီး အမိန့်ထုတ်ပြန်
Next: အကျင့်ပျက်ခြစားခြင်းသည် အဆိုးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟုရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗာတီကန်လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးတော်မူ