စိတ်ဝမ်းကွဲပြားခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံမှမလာဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူ

11111

ဗာတီကန်၊ ဇွန်လ ၄၊ CNA

ရဟန်းမင်းကြီး ဖရန်စစ်က စိတ်ဝမ်းကွဲပြားခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားထံတော်မှ ရောက်ရှိလာခြင်း မဟုတ်ကြောင်းဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့ဖြစ်သော ဇွန်လ (၄) ရက်နေ့၊ တနင်္ဂနွေနေ့တွင်မိန့်ကြားတော်မူလိုက်သည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်သောပွဲနေ့သည် ကက်သလစ်သာသနာတော်၏ မွေးနေ့ဖြစ်သည်။ ရဟန်းမင်းကြီးက ကက်သလစ်သနာတော်သည်သန့်ရှင်းသော ဝိညာဉ်တော်ဘုရားမှ ပေါက်ဖွားလာကြောင်း၊ အသင်းတော်ကိုစည်း လုံးခြင်းနှင့် ကွဲပြား ခြင်းတို့နှစ်ချက်ဖြင့် တည်ဆောက်ထားသော်လည်း စိတ်ဝမ်းကွဲပြားခြင်းကိုအားပေးသော နှောင့်ယှက်ခြင်းကို ခုခံနိုင်ကြရန်အလို့ငှါ မိမိတို့သည် ဆုတောင်းကြရန် လိုအပ်သည်ဟု မိန့်ကြားတော်မူလိုက်သည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် စည်းလုံးခြင်းထဲတွင် ကွဲပြားခြင်းကိုဖန်ဆင်းတော်မူပြီး ထိုသို့ဖန်ဆင်းခြင်းသည် အချိန်တိုင်းနှင့် နေရာတိုင်းတွင် သူက မတူဆန်းသစ်သောလုပ်ငန်းများနှင့် ကျေးဇူးတော်များကိုပေးပြီး ရှင်သန်စေကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်း အားဖြင့် မြတ်စွာဘုရားရှင်မြတ်၏ ဆန္ဒနှင့်အညီ အသွင်တူသော စည်းလုံးခြင်းမဟုတ်ဘဲ အသွင်မတူခြင်းထဲက စစ်မှန်သော စည်းလုံး ခြင်းကို ဖြစ်ပေါ်စေသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က ဟောကြားတော်မူခဲ့သည်။

ရဟန်းမင်းကြီးက “သို့သော်လည်းရှောင်ရအံ့သောအချက် နှစ်ချက်များကမူ(၁) စည်းလုံးခြင်းမရှိသောနေရာတွင် ကွဲပြားခြင်းကို ဖန်တီးလိုစိတ်နှင့် (၂) မတူကွဲပြားခြင်းမရှိသောနေရာတွင် စည်းလုံးခြင်းကို ဖန်တီးလိုစိတ်တို့ဖြစ်ပါကြောင်းဖြစ်ပါတယ်။

(၁) စည်းလုံးခြင်းမရှိ သောနေရာတွင် ကွဲပြားခြင်းကို ဖန်တီးလိုစိတ်ဆိုတာက မိမိသည် တခြားသူများထက် ပိုသိ၊ ပိုတတ် သည်ဟူသော ခံယူချက်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့သော ခံယူချက်ကို ဆုပ်ကိုင်ထားလျှင်မူ အသင်းတော်ကို ပိုင်ဆိုင်ခြင်းထက် ဟိုအုပ်စု၊ ဒီအုပ်စုကိုသာ ပိုင်ဆိုင်လိုစိတ်ထားရှိခြင်းဖြစ်ပြီး ခရစ်တော်ဘုရားဖက်တွင် ရပ်တည်ခြင်းထက် တဖက်သားကို သာ ထောက်ခံခြင်း မျိုး ဖြစ်သွားတတ်ခြင်းကို ရှောင်ကြဉ်ကြရန်လိုအပ်သည်” ဟု သတိပေးတော်မူသည်။ ဆက်လက်ပြီး (၂) မတူ ကွဲပြားခြင်းမ ရှိသောနေ ရာတွင် စည်းလုံးခြင်းကို ဖန်တီးလိုစိတ်ဆိုသည်မှာ စည်းလုံးခြင်းကို အသွင်၊ အရောင်တူခြင်းဖြင့် မှားယွင်း စွာနား လည်ပြီး လူတိုင်းသည် အရာအားလုံးကို အတူတကွလုပ်ဆောင်ခြင်းနှင့် တူညီစွာ တွေးခေါ်စဉ်းစားခြင်းဟုလည်း မှားယွင်းစွာ နားလည် ခံယူခြင်းမျိုး ကို ရှောင်ရှား ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော စည်းလုံးခြင်းသည် လွတ်လပ်ခြင်းကိုဖျက်စီးကြောင်း၊ စိန်ပေါလ် မိန့်ကြားသည့်အတိုင်း သန့်ရှင်း သော ဝိညာဉ်တော်ဘုရားရှိတော်မူသောနေရာတွင်  လွတ်လပ်ခြင်းလည်းရှိသည် (၂ ကော်ရင့် ၃း၁၇) ဟု မိန့်ကြားထားကြောင်း၊ ထို့ကြောင့် မိမိတို့သည် အရှင်မြတ်၏စည်းလုံးညီညွတ်ခြင်းကျေးဇူးတေ်ကို ခံစားနိုင်ကြရန်အတွက် ဆုတောင်းကြ ရမည်ဖြစ်သည်ဟု တိုက်တွန်းတော်မူသည်။

“သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ဒုတိယဆုကျေးဇူးတော်သည်ကားလူ့နှလုံးသားကို ပြန်လည်ဆန်းသစ်စေသော ကျေးဇူးတော်ဖြစ်  ကြောင်း၊ ခရစ်တော် ရှင်ပြန်ထမြောက်တော်မူပြီးနောက် ပထမဆုံးသောပေးတော်မူသော ကျေးဇူးတော်က သန့်ရှင်းသောဝိညာဉ်တော် ဘုရားပင်ဖြစ်ကြောင်း၊ အထူးသဖြင့် ခရစ်တော်ဘုရားက “သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ခံယူကြလော့။ သင်တို့က လူသားတို့၏ အပြစ်များကို အခွင့်လွှတ်လျှင် သူတို့သည် အခွင့်လွှတ်ခြင်းကိုရရှိကြမည် (ယောဟန် ၂၀း၂၂-၂၃)” ဟု မိန့်ကြားတော်မူခဲ့သည်” ဟု ရဟန်းမင်းကြီးက ရှင်းပြတော်မူသည်။

“ခရစ်တော်ဘုရားက မိမိ၏တပည့်တော်ကြီးများအား အခွင့်လွှတ်ခွင့်ကိုပေးအပ်ခြင်းသည် ကက်သလစ်သာသနာတော်ထဲတွင် စည်းလုံး ညီညွတ်ခြင်းကို တည်တံ့စေရန်နှင့်  ပြိုကွဲခြင်းကို ဟန့်တားစေရန်ဖြစ်ကြောင်း၊ အသင်းတော်ထဲတွင် မိမိတို့အသင်းသားများကို အတူတ ကွနီးကပ်သောကော်နှင့်အိမ်၏အုတ်ခဲများကို ကျစ်လစ်စေသော ဘိလပ်မြေသည်ကား အခွင့်လွှတ်ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းအခွင့် လွှတ်ခြင်းသည် ခိုင်မာစေပြီး အားရှိစေကြောင်း၊ အခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏နှလုံးသားများကို လွတ်လပ်စေပြီး လန်းဆန်းစေသည့် အပြင် မျှော်လင့်ခြင်းကိုလည်း ပေးပါကြောင်း၊ အခွင့်လွှတ်ခြင်းမရှိလျှင် ကက်သလစ်သာသနာတော်ကို တည်ဆောက်နိုင် မည်မ ဟုတ်ကြောင်း” ဖြင့် သွန်သင်ပေးတော်မူသည်။

915  Views
Previous: မယ်တော်မာရီယား၏ ဖာတီမာမြို့က လျှို့ဝှက်ချက် (၃) ကို မည်ကဲ့သို့ ဖော်ထုတ်ခဲ့သနည်း
Next: ကက်သလစ်ဆရာတော်များကို ရွေးချယ်ရာတွင် သာမန်ကက်သလစ်ဘာသာဝင်များကိုလည်း မဲပေးခွင့်ပြုရန် ရဟန်းမင်းကြီးနှင့် အတိုင်ပင်ခံကာဒီနယ်များက ဆုံးဖြတ်ပြီ